top of page

ဟစ်တိုင် စစ်တမ်းအကျဉ်းချုပ် # 1 ပြည်သူ့အသံ

Aug 7, 2024

3 min read

11

169

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကြားတွင် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို အလေးပေးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟစ်တိုင်အဖွဲ့သားများက “ပြောလိုရာပြောပါ” ဟု အမည်ပေးထားသည့် လွတ်လပ်သော လူထုအခြေပြု စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။


အဆိုပါအစီအစဉ်နှင့်အတူ ပြည်သူလူထု အသံများ နှင့် အကူအညီလိုအပ်နေမှုများကိုသိရှိနိုင်ရန် ဟစ်တိုင်က စစ်တမ်းကောက်ယူခဲ့ပါသည်။ စစ်တမ်းကောက်ယူရာတွင် သီးသန့်သတ်မှတ်ထားသောပုံစံ၊ စံနှုန်းများဖြင့် ကောက်ယူထားခြင်းမဟုတ်ဘဲ စစ်တမ်းဖြေဆိုသူများက ပေးပို့သော အချက်အလက်များကိုသာ ရယူလက်ခံသည့်နည်းနာကို ဦးစားပေးအသုံးပြုထားပါသည်။


ဤစစ်တမ်းကောက်နှုတ်ချက်တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ် ဇွန်လအတွင်း စစ်တမ်းဖြေဆိုထားသော နိုင်ငံတဝှမ်းမှ ပြည်သူ၁၈၆ ဦးထံမှ တုန့်ပြန်ချက် ၃၂၃ ကြိမ်ကို အခြေခံ၍ နေ့စဉ်ဘဝ၌ ကြုံတွေ့နေရသည့် ပြဿနာများနှင့် မည်သို့ကျော်ဖြတ်နေရသည်များကို သုံးသပ်ဖော်ပြထားပါသည်။


သုတေသနအဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂလ သုတေသီများအတွက် သုတေသနစစ်တမ်းများ ကောက်ယူရာတွင် ဟစ်တိုင်ပလက်ဖောင်းကို အခမဲ့ အသုံးပြုနိုင်မည့်အပြင် သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဟစ်တိုင်က ဒေါ်လာ ၃၀၀ အထိ ကူညီထောက်ပံ့ပေးပါသည်။ ဟစ်တိုင်ပလပ်ဖောင်းတွင် သုတေသနစစ်တမ်းများ စတင်ကောက်ယူနိုင်ရန်  ဤနေရာကိုနှိပ်ပြီစာရင်းပေးသွင်းနိုင်ပါသည်။


စစ်တမ်းတုန့်ပြန်မှု အနှစ်ချုပ်

စစ်တမ်းတုန့်ပြန်သူ ၁၈၆ ဦးတွင် အမျိုးသား ၉၆ ဦးမှ တုန့်ပြန်မှုအကြိမ် ၁၇၂ ကြိမ်၊ အမျိုးသမီး ၈၇ဦးမှ တုန့်ပြန်မှုအကြိမ် ၁၄၆ ကြိမ်၊   လိင်စိတ်ခံယူမှုတွင် “အခြား” ဟုရွေးချယ်သူ ၃ဦးမှ တုန့်ပြန်မှု ၅ ကြိမ် ရခဲ့ပါသည်။  

ဒေသအသီးသီးမှ တုန့်ပြန်သူများ၏ အသေးစိတ်ကို အောက်ပါဂရဖ် (graph) ပုံတွင် ကြည့်ရှုနိုင်ပါသည်။  



ပြည်သူလူထုအနေဖြင့် အဓိက ထုတ်ဖော်ပြောပြခဲ့သော စိုးရိမ်ပူပန်မှုတွေက ဘာတွေဖြစ်မလဲ



စားနပ်ရိက္ခာရှားပါးမှုနှင့် လူနေမှုစရိတ်မြင့်မားခြင်း - ဖြေဆိုမှုများ၏ ၅၀% ကျော်ကို ကိုယ်စားပြုသည်


စားနပ်ရိက္ခာရှားပါးမှုနှင့် လူနေမှုစရိတ်ကြီးမြင့်မှုကို စစ်တမ်းဖြေဆိုသူအားလုံး၏ ၅၀% ကျော်က အဓိကစိုးရိမ်ပူပန်ကြောင်း မြင်တွေ့ရပါသည်။ အဆိုပါ ဖြေဆိုသူများအနက် အမျိုးသား ၅၃% နှင့် အမျိုးသမီး ၄၅% ပါဝင်ပါသည်။


အသက်အရွယ်အပိုင်းအခြားအလိုက် ခွဲခြမ်းစိတ်ဖြာမှုတွင် အသက် ၁၉နှစ်မှ ၃၀နှစ်အကြား လူငယ်အုပ်စုက အများဆုံး ကြုံတွေ့ခံစားနေရကြောင်း လေ့လာတွေ့ရှိရပါသည်။ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲခြမ်းစိတ်ဖြာမှုတွင် ကချင်ပြည်နယ်မှ စစ်တမ်း တုံ့ပြန်မှု ၁၉.၄% နှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ ၁၇.၁% တို့က စိုးရိမ်မှုအဆင့်အများဆုံးဒေသများ ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စစ်တမ်း တုံ့ပြန်ဖြေဆိုသူများသည်လည်း ၁၅.၃% ဖြင့် အသီးသီး ဖြေဆိုခဲ့ကြပြီး နိုင်ငံတစ်ဝှမ်းတွင် ပျံ့နှံ့နေသော စီးပွားရေးဖိအားများ၏ အကျိုးဆက်ကို မီးမောင်းထိုးပြနေပါသည်။


စိတ်ဝင်စားဖွယ် တွေ့ရှိရသည့် သက်ဆိုင်ရာအချက်အလက်များ - 


  • All Myanmar Advisor ၏ ၂၀၂၄ မေလ ထုတ််ပြန်ချက်အရ မြန်မာနိုင်ငံရှိ မိသားစုများအတွက် အခြေခံဟင်းလျာဖြစ်သည့် ကြက်သားဟင်းအားပြင်ဆင်ချက်ပြုတ်နိုင်ရန် ပါဝင်ပစ္စည်း ပမာဏမှာ လူတစ်ဦး နေ့စဉ်အနိမ့်ဆုံးပုံမှန်လုပ်အားခ၏ သုံးဆရှိနေပြီး ကြက်သားဟင်းတစ်ခွက် ချက်ပြုတ်စားသောက်ရန် ကုန်ကျစားရိတ်အညွှန်းကိန်းမှာ ယခင် ၁၇.၅၃ %  မှ ယခု ၃၄.၈% အထိ တိုးလာသည်။ အသေးစိတ်ဖတ်ရှုရန် AMA’s CCI Report


  • မြန်မာနိုင်ငံအတွင်း နေထိုင်သူ စုစုပေါင်းလူဦးရေ၏ ၂၃ % မှာ ကြီးမားသော စားနပ်ရိက္ခာ မလုံလောက်မှု အန္တာရာယ်ကို အရေးပေါ်ရင်ဆိုင်လျက်ရှိသည်။ အသေးစိတ်ဖတ်ရှုရန် - Global Network Against Food Crisis 2024 Report


နှိုင်းယှဥ်လေ့လာဆန်းစစ်မှုမှ တွေ့ရှိချက်များ - ဒေသအလိုက် စိုးရိမ်ပူပန်မှု/ပြဿနာများ( Issues)

ပညာသင်ယူခွင့်” ဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် အရေးပါသော အခန်းကဏ္ဍ တစ်ခုအဖြစ်  တိုင်းနှင့်ပြည်နယ် အသီးသီးမှ စစ်တမ်းတုံ့ပြန်ဖြေဆိုသူများ၏ ၁၁.၁% က ဖော်ပြခဲ့သည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်သည် “ပညာသင်ယူခွင့်” နှင့် စပ်လျဥ်း၍ စိုးရိမ်မှု အမြင့်ဆုံးဒေသအဖြစ် ဖြေဆိုသူ ၂၀ % က ဖြေဆိုခဲ့ကြသည်။ ထို့အပြင် အခြားဒေသများအနေဖြင့် ရှမ်းပြည်နယ်မှ စစ်တမ်းတုံ့ပြန်ဖြေဆိုသူ ၁၆.၇% ၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၄.၃% နှင့် မကွေးတိုင်းဒေသကြီးမှ ၁၄.၃% တို့က အသီးသီးဖြေဆိုခဲ့ကြပြီး ပညာရေးကဏ္ဍ နှင့် ပတ်သတ်၍  ကြီးမားသော စိုးရိမ်ပူပန်မှုများရှိသည်ကို မှတ်ချက်ပြုထားကြသည်။




ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် “စီးပွားရေး အခွင့်အလမ်း” ကဏ္ဍ ၊  “အလုပ်လက်မဲ့” ကဏ္ဍများ နှင့် စပ်လျဥ်း၍  စစ်တမ်းတုန့်ပြန်ဖြေဆိုသူ ၁၆.၆% နှင့် ၁၃.၈% တို့အသီးသီးရှိခဲ့ပြီး အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသများထက် ပိုမိုများပြားသော စစ်တမ်းတုန့်ပြန်ဖြေဆိုသူပမာဏက စိုးရိမ်ပူပန်မှုရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။ ထိုနည်းတူ “သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နှင့် သဘာဝဘေးအန္တရာယ်”  ကဏ္ဍများအပေါ် စိုးရိမ်းပူပန်မှုအများအဆုံးအဖြစ် ကချင်ပြည်နယ်မှ စစ်တမ်းတုန့်ပြန်ဖြေဆိုသူများကလည်း ဖော်ပြခဲ့သည်။ 


စိတ်ဝင်စားဖွယ် တွေ့ရှိရသည့် သက်ဆိုင်ရာအချက်အလက်များ - 

  • မြန်မာနိုင်ငံတွင်း ၂၀၂၀ ဖေဖော်ဝါရီလ မှ ၂၀၂၂ ဖေဖော်ဝါရီလတိုင် ကာလရှည်ကြာ ကျောင်းပိတ်ရက်များ နှင့် မြန်မာ့ပညာရေးကဏ္ဍ။  အသေးစိတ်ဖတ်ရှုလိုပါက - World Bank Blog

  • မြန်မာနိုင်ငံတဝှမ်း အသက် ၆ နှစ် မှ ၂၂ နှစ်ကြား ကျောင်းအပ်နှံသည့် နှုန်းထားသည် ၂၀၁၇ ခုနှစ်တွင် ၆၉.၂ % ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅၆.၈ % သို့ ကျဆင်းသွားကြောင်းတွေ့ရှိရသည်။ အသေးစိတ်ဖတ်ရှုလိုပါက - World Bank Report

  • မြန်မာနိုင်ငံမှ မြေရှားသတ္ထု(HREE) တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် ယခင်တန်ချိန် ၁၉,၅၀၀ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄၁၇၀၀ အထိ မြင့်တက်လာခဲ့ပြီး အများစုမှာ ကချင်ပြည်နယ်မှ ဖြစ်သည်။  အသေးစိတ်ဖတ်ရှုလိုပါက - Global Witness Blog


ဂျန်ဒါအခြေပြု လေ့လာတွေ့ရှိချက်များ

ပညာသင်ယူခွင့် နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ခြင်း” ဆိုင်ရာ ကဏ္ဍများနှင့် စပ်လျဥ်း၍ စစ်တမ်းတုန့်ပြန်ဖြေဆိုသူများက စိုးရိမ်မှုများကို ဖော်ပြရာတွင် ရာခိုင်နှုန်းအားဖြင့် အမျိုးသမီးဖြေဆိုသူ ဦးရေသည် အမျိုးသားဖြေဆိုသူများထက် ပိုမိုများပြားသည်ကို အောက်ပါဇယားကွက်တွင် မြင်တွေ့နိုင်သည်။ “အလုပ်အကိုင်ရှားပါးမှု နှင့် အလုပ်လက်မဲ့များ” ဆိုင်ရာ ကဏ္ဍများနှင့် “ပတ်ဝန်းကျင်ပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ်များ” ကဲ့သို့သော ကဏ္ဍများတွင်မူ အမျိုးသားဖြေဆိုသူဦးရေက ပိုမို များပြားသည်ကိုတွေ့ရှိရသည်။




ပညာသင်ယူခွင့်ရရှိရေးကဏ္ဍ 

အလုပ်အကိုင်ရှားပါးမှု နှင့် အလုပ်လက်မဲ့ကဏ္ဍ 

ပတ်ဝန်းကျင်ပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကဏ္ဍ  

စစ်တမ်းတုန့်ပြန်မှု ၂၁ (၁၁.၃%)

စစ်တမ်းတုန့်ပြန်မှု ၂၁ (၁၃.၈%)

စစ်တမ်းတုန့်ပြန်မှုမရှိ 

ကျား

စစ်တမ်းတုန့်ပြန်မှု ၁၃  (၇.၆%)

စစ်တမ်းတုန့်ပြန်မှု ၁၇ (၁၇.၇.%)

စစ်တမ်းတုန့်ပြန်မှု ၁၁ (၆.၄%)

စိတ်ဝင်စားဖွယ် တွေ့ရှိရသည့် သက်ဆိုင်ရာအချက်အလက်များ - 


  • မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွါသူ လူငယ်များအကြား အမျိုးသမီးငယ်အရေအတွက်သည် သိသာစွာ များပြားလျက်ရှိပြီး ၎င်းတို့အနေဖြင့် အလုပ်အကိုင်ရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ အသေးစိတ်ဖတ်ရှုလိုပါက Mizzima news


အသက်အရွယ် အပိုင်းအခြားအလိုက် စိုးရိမ်ပူပန်မှုဆိုင်ရာ လေ့လာတွေ့ရှိမှုများ


အသက်အရွယ် အပိုင်းအခြားအလိုက် လေ့လာတွေ့ရှိမှုများအနက် “ပညာသင်ယူခွင့်” နှင့် စပ်လျဥ်း၍ စိုးရိမ်မှုများကို ဖော်ပြရာတွင် အသက်အရွယ်အုပ်စုများဖြစ်ကြသည့် ၀ မှ ၁၈ နှစ် နှင့် ၆၀ နှစ် နှင့်အထက် ဖြေဆိုသူများသည် ၁၇.၅% နှင့် ၁၈.၈% ဖြင့် အသီးသီးရှိခဲ့ပြီး လူငယ်မျိုးဆက်များ၏ “ပညာသင်ယူခွင့်” ကဏ္ဍ အပေါ် အမြင့်ဆုံးစိုးရိမ်ပူပန်မှု ရှိသည့် အသက်အရွယ်အုပ်စုများအဖြစ် မြင်တွေ့နိုင်သည်။





ထိုနည်းတူ  အသက် ၁၉ မှ ၃၀ နှစ် နှင့် ၃၁ မှ ၄၅ နှစ် အကြား စစ်တမ်းတုန့်ပြန်ဖြေဆိုသူ အသက်အရွယ်အုပ်စုများကြားတွင် “အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်လက်မဲ့” ကဏ္ဍ အပေါ် ၁၀.၃ % နှင့် ၁၂.၉ % တို့ဖြင့် အမြင့်ဆုံးစိုးရိမ်ပူပန်မှု ရှိသည့် အသက်အရွယ်အုပ်စုများအဖြစ် အသီးသီး မှတ်ချက်ပြုခဲ့သည်။


စိတ်ဝင်စားဖွယ် တွေ့ရှိရသည့် သက်ဆိုင်ရာ အချက်အလက်များ-


  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ အစီရင်ခံစာတွင် လုပ်သား ၁.၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး လူဦးရေ ၅၄ သန်းဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွက် အလေးထားရမည့် ပမာဏဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်းသည် စက်ရုံလည်ပတ်မှုနှင့် လုပ်သားလုပ်ခလစာများ သိသိသာသာ လျော့ကျသွားသည်ကို မြင်တွေ့ခဲ့ရသည်။ စီးပွားရေးစိန်ခေါ်မှုများသည် များပြားလှသော ရွှေ့ပြောင်းအခြေချမှုကို တွန်းအားပေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) မှ လစဉ် မြန်မာနိုင်ငံသား ၄၀,၀၀၀ ခန့်သည် စီးပွားရေးအခက်အခဲများနှင့် ပဋိပက္ခများကြောင့် နိုင်ငံတွင်းမှ ထွက်ခွာသွားကြောင်း သတိပြုမိခဲ့သည်။ World Employment and Social Outlook: Trends 2024 | International Labour Organization  


  • အာဏာသိမ်းကာလနောက်ပိုင်း အလုပ်လက်မဲ့နှင့် ဆင်းရဲမွဲတေမှု သိသိသာသာ မြင့်တက်လာသည်။ စီးပွားရေးလုပ်ငန်းများ လျော့နည်းလာခြင်း၊ တရားဝင် ဖွံ့ဖြိုးရေးအကူအညီဖြင့် ထောက်ပံ့ထားသော စီမံကိန်းများကို ရပ်ဆိုင်းလိုက်ခြင်းနှင့် အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရအသုံးစရိတ်များ နည်းပါးခြင်းတို့ကြောင့် ခန့်မှန်းခြေ ၁.၂ သန်းခန့်သော အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏အစီရင်ခံစာမှ သိရသည်။ အထက်ပါအကြောင်းများကြောင့် ၂၆ ရာခိုင်နှုန်းသော လူဦးရေ မှ  လက်ရှိတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည်ဆင်းရဲမွဲတေမှုကိုကြုံတွေ့နေရသည် Myanmar’s post-coup economy is heading for a reckoning  



ဟစ်တိုင်မှ နိုင်ငံတစ်ဝှမ်းနှင့်ပြည်ပရှိ လူမှု့အသိုင်းအဝန်းများမှ စုဆောင်းရရှိထားသော လူမှုစီးပွား အချက်အလက်များအပေါ် အခြေခံ၍ အကျဉ်းချုပ်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး နောက်ဆုံးရ သတင်းအချက်များ ရယူနိုင်ရန် ဟစ်တိုင် အက်ပ်ကို ဒေါင်းလုဒ်လုပ်ဖို့ တိုက်တွန်းလိုက်ပါသည်။



Aug 7, 2024

3 min read

11

169

bottom of page